နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းစေလိုသော အချက်အလက်များနှင့် ပတ်သက်၍ ကချင်အထူးဒေသ - (၂)၊ ကေအိုင်အို ဗဟို ကော်မတီမှ အမျိုးသားညီလာခံကျင်းပရေးကော်မရှင်ဥက္ကဌနှင့် နိုင်ငံတော်အကြီး အကဲများထံသို့ ထပ်မံဖြည့်စွက်တင်ပြတောင်းဆိုထားသော အချက်အလက်များ။
၁။ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံနှင့် စပ်လျဉ်းသည့်အခြေခံရမည့်မူများတွင်....
(၁) နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်ဟု ပါရှိသည်။ ၎င်းမူကို လက်တွေ့ကျင့်သုံးဖေါ်ဆောင်သွားရာ၌ ပြည်ထောင်စုစနစ်ပီပြင်ရန်နှင့် ပြည်ထောင်စု စစ်စစ်မူပိုမိုပေါ်လွင်လာရန် လိုအပ်မည်ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ နိုင်ငံတော်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟုခေါ်တွင်ပြီး ပြည်ထောင်စု စနစ်ကျင့်သုံးသည်ဟုဆိုထားသော်ငြားလည်း လက်တွေ့၌ ဗဟိုချုပ်ကိုင်မှု တင်းကြပ်သော တစ်ပြည်ထောင်စနစ် (Unitary System)ဖြစ်နေသည်ကို တွေ့မြင်ခဲ့ရပါသည်။ ထို့ကြောင့် ယခုရေးဆွဲမည့် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ ယင်းကဲ့သို့ မလိုအားအပ်သော အမှားမျိုး ထပ်မံမဖြစ်ပွားရလေအောင် ဂရုပြုဆောင်ရွက်ရန် အထူးအရေးကြီးမည် ဖြစ်ပါသည်။
(၂) နိုင်ငံတော်ကို တိုင်းဒေသကြီး (၇)ခုနှင့် ပြည်နယ် (၇)ခုတို့ဖြင့် ဖွဲ့စည်းတည်ဆောက်သည်။ ၎င်းတိုင်းဒေသကြီး (၇)ခုနှင့် ပြည်နယ် (၇)ခုတို့သည် အဆင့်အတန်း တူညီကြသည်ဟု ပါရှိသည်။ ဤအချက်ကို ပြန်လည်စဉ်းစားပေးဖို့ရန် အထူးပန်ကြားလိုပါသည်။ အဘယ် ကြောင့်ဆိုသော် ပြည်နယ်များသည် တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားပြုထား သည်ဖြစ်သဖြင့် ပြည်နယ်များတွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးစုများ၏ မူလရပိုင်ခွင့်များကို ထည့်သွင်းပြဌာန်းထားရန် လိုအပ် မည်ဖြစ်ပါသည်။
၂။ နိုင်ငံတော်အချုပ်အခြာအာဏာပိုင်းခြားခွဲဝေခြင်းနှင့် စပ်လျဉ်းသည့် အခြေခံရမည့်မူ များတွင်...
နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ပိုင်းခြားသတ်မှတ်ထားပြီး ၎င်းအာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝင်အပ်နှင်းသည်ဟု ပါရှိသည်။ ဤတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်တွေ့ ရေးဆွဲပြဋ္ဌာန်းသည့်အခါ ၎င်းအာဏာသုံးရပ်ကို တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်များသို့ ထိုက်သင့်စွာခွဲဝေအပ်နှင်းပေးထားစေလိုပါသည်။ ဥပဒေပြုအာဏာခွဲဝေရာ၌ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်များသို့ ယခုထက်ပိုမို ခွဲဝေအပ်နှင်းပေးထားသင့်သည်ဟု မြင်ပါသည်။ အထူးသဖြင့် ပြည်နယ်များတွင် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ပါတ်သက်သော ဥပဒေပြုအာဏာကို ပြည်နယ်လွှတ်တော်များသို့ လုံလောက်စွာခွဲဝေအပ်နှင်း ပေးထားစေလို ပါသည်။
ဥပမာ၊
(၁) တိုင်းရင်းသားလူမျိုးစုများ၏ စာပေများကို ထိန်းသိမ်းမြှင့်တင်ရေး၊ ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများ၌ သက်ဆိုင်ရာတိုင်းရင်းသားများ၏ စာပေကို သင်ကြားခွင့်ရှိရေး၊ ၎င်းတိုင်းရင်းသားစာပေကို သက်ဆိုင်ရာပြည်နယ်၏ ဒုတိယရုံးသုံးစာအဖြစ် သတ်မှတ်ရေး၊
(၂) တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင် ရေး၊
(၃) တိုင်းရင်းသား လူမျိုးစုများ၏ ဓလေ့ထုံးတမ်းအရ တရားစီရင်ရေး (Customary Law)ကို ဥပဒေပြု၍ တရားဝင်ပြဋ္ဌာန်းရေး၊
(၄) တိုင်းရင်းသားလူမျိုးစုများ၏ အရေးအရာများကို ဥပဒေပြဋ္ဌာန်း၍ ကာကွယ်စောင့်ရှောက် ပေးရေးတို့ ဖြစ်ပါသည်။
၃။ အုပ်ချုပ်ရေးဆိုင်ရာ အခန်းကဏ္ဍ၌၊
(၁) နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအပေါ် ချုပ်ကိုင် ကန့်သတ်မှုများလွန်းလျှင် ဗဟိုချုပ်ကိုင်မှုတင်းကြပ်လွန်းရာရောက်သဖြင့် တစ်ပြည်ထောင် စနစ်ပုံစံ ဖြစ်သွားနိုင်သည်ဟု မြင်ပါသည်။
(၂) ပြည်နယ်အစိုးရအကြီးအကဲ (ပြည်နယ်ဝန်ကြီးချုပ်)သည် ၎င်းပြည်နယ်ကို ကိုယ်စားပြု သော တိုင်းရင်းသားလူမျိုးစုထဲမှ ဖြစ်သင့်ပါသည်။ ဖ.ဆ.ပ.လ ပါလီမန်အစိုးရခေတ်၌ ပြည်နယ်ကောင်စီဥက္ကဌ (သို့) ပြည်နယ်ဝန်ကြီးသည် သက်ဆိုင်ရာပြည်နယ်ကို ကိုယ်စားပြု သော တိုင်းရင်းသား လူမျိုးစုအမတ်တဦးဦးကို ရွေးချယ်ခန့်ထားသည်ကိုလည်းကောင်း၊ မ.ဆ.လ ဆိုရှယ်လစ်အစိုးရခေတ်၌လည်း ပြည်နယ်ကောင်စီဥက္ကဌကို သက်ဆိုင်ရာပြည်နယ် ကို ကိုယ်စားပြုသော တိုင်းရင်းသားလူမျိုးစုထဲမှ ရွေးချယ်ခန့်ထားသည်ကိုလည်းကောင်း တွေ့မြင်ရပါသည်။ ယင်းကဲ့သို့ တိုင်းရင်းသားလူမျိုးစုများ၏ မူလရပိုင်ခွင့် အခွင့်အရေးများကို နိုင်ငံတော်အစိုးရမှ အသိအမှတ်ပြု၍ ဥပဒေပြဋ္ဌာန်းပေးခြင်းသည် ပြည်ထောင်စုကြီးအဖြစ် အပေါ်ပေါက်လာသော သမိုင်းကြောင်းအရ မှန်ကန်သင့်လျော်မှုရှိသည့်အတွက် ယခုရေးဆွဲ မည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၌လည်း အလားတူဥပဒေမျိုးကို ပြဋ္ဌာန်းပေးရန် လိုလားပါ သည်။
(၃) ပြည်နယ်အစိုးရဖွဲ့စည်းရေးနှင့်ပတ်သက်၍၊
(က) ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးချယ်ရာတွင် သက်ဆိုင်ရာပြည်နယ် လွှတ်တော်၌ လျှို့ဝှက်မဲ စနစ်ဖြင့် လွှတ်တော်အမတ်အများစု၏ သဘောတူညီချက်ကို ရယူပြီး ရွေးချယ်ရန်၊ ထိုသို့ ရွေးချယ်ခံထားရသူအား နိုင်ငံတော်သမ္မတက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပေးရန်၊
(ခ) ပြည်နယ်အစိုးရအဖွဲ့ကို ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာပြည်နယ်လွှတ်တော်နှင့် ညှိနှိုင်းတိုင်ပင်ပြီး ပြည်နယ်ဝန်ကြီးဌာန သတ်မှတ်ခြင်း၊ ပြည်နယ်ဝန်ကြီးဦးရေ သတ်မှတ်ခြင်း နှင့် ပြည်နယ်ဝန်ကြီးရွေးချယ်ခန့်ထားခြင်း လုပ်ငန်းများကိုဆောင်ရွက်ကာ ပြည်ထောင်စု အစိုးရ သမ္မတထံတင်ပြ၍ သမ္မတမှ အတည်ပြုခန့်အပ်ပေးရန်၊
(ဂ) ပြည်နယ်ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်များကို ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် လွှတ်တော်၏ သဘောတူညီချက်ကို ရယူ၍ ခန့်အပ်ရန်၊
(ဃ) ပြည်နယ် တစ်ခုအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့) ဒေသဥက္ကဌများနှင့် ဦးစီး အဖွဲ့ဝင်များကို သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်က ခန့်အပ်ပေးရန်၊
(င) ပြည်နယ်တစ်ခု၏ အစိုးရအဖွဲ့ဝင်ဝန်ကြီးတဦးဦးက နုတ်ထွက်ရန် လိုအပ်လာပါက ၎င်း၏နုတ်ထွက်စာကို သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်ထံ တင်သွင်းရန်၊ ပြည်နယ် ၀န်ကြီးချုပ်က နုတ်ထွက်စာကို လက်ခံယူပြီး ပြည်နယ်လွှတ်တော်၏သဘောတူညီချက်ဖြင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်ရန်၊ ပြည်နယ်တစ်ခု၏ ၀န်ကြီးချုပ်တစ်ဦးက နုတ်ထွက်လိုလျှင် ၎င်း၏ နုတ်ထွက်စာကို သမ္မတထံတိုက်ရိုက် တင်သွင်းရန်၊
(စ) ပြည်နယ်တစ်ခုခုအတွင်း တည်ငြိမ်မှုစိုးရိမ်ဖွယ်ရာ အဆင့်သို့ရောက်လာလျှင် ပြည်နယ် ၀န်ကြီးချုပ်က ပြည်နယ်လွှတ်တော်နှင့် ညှိနှိုင်းပြီး သမ္မတထံတင်ပြရမည်။ ထိုသို့ တင်ပြလာလျှင် သမ္မတက သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်းသဘောတူပြီး မှသာ ၎င်းပြည်နယ်၌ အရေးပေါ် အခြေအနေကြေညာရန်၊
(ဆ) ပြည်နယ်အစိုးရ လက်အောက်တွင် ၀န်ထမ်းခန့်ထားရေးအဖွဲ့ ဖွဲ့စည်းထားရှိ၍ အစိုးရ၀န်ထမ်းများကို ဒေသခံများအား ဦးစားပေး၍ ရွေးချယ်ခန့်ထားနိုင်ရန်၊
(ဇ) ပြည်နယ်အစိုးရ လက်အောက်တွင် ပြည်နယ်ရဲတပ်ဖွဲ့ ဖွဲ့စည်း၍ ပြည်နယ်ဝန်ကြီးချုပ်မှ တိုက်ရိုက် ကွပ်ကဲခွင့်ရှိရန်၊
(ဈ) အပစ်အခတ်ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်း များနှင့် ပြည်သူလူထုတရပ်လုံးမှ နောင်ထွက်ပေါ်လာမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ထောက်ခံအတည်ပြုပြီးသွားလျှင် ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များကို ပြည်ထောင်စု တပ်မတော်၏အောက်တွင် သက်ဆိုင်ရာ ပြည်နယ်၏လုံခြုံရေးတပ်ဖွဲ့အဖြစ် ဖွဲ့စည်းပြီး ပြည်နယ်ဝန်ကြီးချုပ်မှ တိုက်ရိုက်ကွပ်ကဲရန်၊
၎။ ပြည်ထောင်စုနယ်မြေသတ်မှတ်ခြင်းနှင့်၊ ပြည်နယ်တစ်ခုခု၏ နယ်နိမိတ်ကို ပြင်ဆင် ရေးဆွဲခြင်း သို့မဟုတ် ပြည်နယ်တစ်ခုခု၏ အမည်ကို ပြောင်းလဲလိုခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်နယ်ကို ကိုယ်စားပြုသော တိုင်းရင်းသားလူမျိုးစုများ၏အများစု သဘောတူညီချက်ကို ရရှိမှသာ ဆောင်ရွက်နိုင်ရန်။
၅။ ဘာသာ သာသနာနှင့် စပ်လျဉ်းသည့် အခြေခံမူ၌ ဘာသာ သာသနာများကို ခွဲခြားမှုမရှိဘဲ တူညီမျှတသော ဥပဒေပြဋ္ဌာန်း၍ ဘာသာရေးလွတ်လပ်ခွင့် ပြုထားရန်လိုလားပါသည်။
၆။ အမျိုးသားလွှတ်တော်သည် တိုင်းရင်းသားလူမျိုးစုအရေးအရာများကို အဓိကထား ဆွေးနွေးဆုံးဖြတ်ရမည်ဖြစ်သောကြောင့် ပြည်နယ်များမှ ကိုယ်စားလှယ် ရွေးချယ်စေလွှတ် ရာတွင် သက်ဆိုင်ရာပြည်နယ်ကို ကိုယ်စားပြုသော တိုင်းရင်းသား ကိုယ်စားလှယ်များကိုသာ ရွေးချယ်စေလွှတ်သော ဥပဒေပြဋ္ဌာန်းထားပေးရန် လိုလားပါသည်။
၇။ ပြည်ထောင်စုအစိုးရအဖွဲ့၌ နယ်စပ်ဒေသဆိုင်ရာ ၀န်ကြီးဌာနကို သီးခြားဖွဲ့စည်းထားရှိရန် လိုအပ်မည်ဟု မထင်ပါ။ နယ်စပ်လုံခြုံရေးကိစ္စရပ်များကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့က တိုက်ရိုက်ညှိနှိုင်းဆွေးနွေးပြီး သင့်တော်သလို စီမံဆောင်ရွက်သင့် ပါသည်။ နယ်စပ်ဒေသဆိုင်ရာ ၀န်ကြီးဌာနကို သီးသန့်ဖွဲ့စည်းထားခြင်းအားဖြင့် နယ်စပ် ရှိသော ပြည်နယ်များ၏ လုပ်ပိုင်ခွင့် အာဏာများကို ဗဟိုက ကန့်သတ်ထိန်းချုပ်ပေးရာ ရောက်သွားနိုင်သဖြင့် နောင်တွင်မလိုလားအပ်သော ပြဿနာများအပေါ်ပေါက်လာနိုင်သည် ဟု မြင်ပါသည်။
၈။ နယ်စပ်ရှိသော ပြည်နယ်များ၏ လွှတ်တော်များ၌ နယ်စပ်ဒေသ ယာယီဝင်ထွက်သွားလာ ခွင့်နှင့် နယ်စပ်ကုန်သွယ်ရေးကိစ္စရပ်များနှင့် ပတ်သက်သော ဥပေဒများကို ပြဋ္ဌာန်းခွင့်ရှိသင့် ပါသည်။ ထိုဥပဒေနှင့်အညီ အစိုးရအဖွဲ့က လက်တွေ့ဆောင်ရွက်သွားမည်ဆိုလျှင် ပို၍ မှန်ကန်တရားမျှတမှု ရှိမည်ဖြစ်ပါသည်။
၉။ စီးပွားရေးကဏ္ဍ၌ ပြည်နယ်များအတွင်းရှိ မြေပေါ်မြေအောက် သယံဇာတများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရများက ပြည်ထောင်စုအစိုးရနှင့် မျှမျှတတ အကျိုးခံစားနိုင် ရန်အတွက် ပြည်နယ်လွှတ်တော်များ၌လည်း သင့်လျော်သလို ဥပဒေပြဋ္ဌာန်းခွင့် ရှိသင့်ပါ သည်။ ဥပမာ ကျောက်မျက်ရတနာနှင့်ပတ်သက်၍ ဖြတ်တောက်ခြင်းနှင့် အချောသွေးခြင်း ကိုသာ ပြည်နယ်လွှတ်တော်များ၌ ဥပဒေပြုခွင့် အပ်နှင်းထားမည့်အစား ရှာဖွေ၊ တူးဖေါ်ခွင့်နှင့် ရောင်းချခွင့်တို့ကိုပါ ဖြည့်စွက်ပေးထားမည်ဆိုလျှင် ပိုမိုပြည့်စုံမည်ဖြစ်ပါသည်။ ၎င်းအပြင် ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်း ပြည်နယ်လွှတ်တော်များ၌ ဥပဒေပြုခွင့် အပ်နှင်းထားရန် လိုလားပါသည်။
၁၀။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင်.. မြေယာစီမံခန့်ခွဲမှု၊ မြေလွတ်၊ မြေရိုင်းများ ဖေါ်ထုတ်ခြင်း၊ ကြေးတိုင်နှင့် မြေစာရင်း၊ စက်မှုလယ်ယာ၊ စိုက်ပျိုးရေးသုတေသန၊ ရေအရင်း အမြစ် စီမံခန့်ခွဲရေး၊ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးထုတ်လုပ်ရေး၊ စားကျက်မြေ သတ်မှတ်ရေး စသည်တို့ကို ပြည်နယ်ဥပဒေပြုစာရင်း၌ ဖြည့်စွက်ထည့်သွင်းပေးစေလို ပါသည်။
၁၁။ အခွန်အကောက်ဆိုင်ရာ အခန်းကဏ္ဍ၌ ကျွန်းနှင့်သတ်မှတ်ထားသော သစ်မာများမှအပ ကျန်သစ်များအပေါ် ပြည်နယ်အစိုးရများက အခွန်ကောက်ခံနိုင်သည်ဟု ပြည်နယ်လွှတ်တော် များအား ဥပဒေပြုခွင့် အပ်နှင်းထားသည်ကို ကျွန်းမှအပ ကျန်သစ်များအားလုံးအပေါ် ပြည်နယ်အစိုးရများက အခွန်ကောက်ခံနိုင်သည်ဟု ပြင်ဆင်ပြဋ္ဌာန်းစေလိုပါသည်။
၁၂။ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်များ၌ ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး၊ စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက်(စ်)၊ အီးမေးလ်၊ အင်တာနက်၊ အင်ထရာနက်နှင့် အလားတူ ဆက်သွယ်ရေးလုပ်ငန်းများနှင့် ရုတ်မြင်သံကြား၊ ဂြိုလ်တုဆက်သွယ်ရေး၊ အသံလွှင့် အသံဖမ်းလုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းခွင့် ဖြည့်စွက်အပ်နှင်းပေးထားရန်လိုလားပါသည်။
၁၃။ လူမှုရေးကဏ္ဍနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်များ၌ ကိုယ်ပိုင်ကျောင်းနှင့် သင်တန်းများ၊ ကုသိုလ်ဖြစ်ဆေးရုံနှင့်ဆေးခန်းများ၊ ပုဂ္ဂလိကဆေးရုံနှင့် ဆေးခန်းများ၊ ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်မစွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ အခြေအနေမဲ့များအား စောင့်ရှောက်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ် များနှင့် မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ဥပဒေပြဋ္ဌာန်းခွင့် ဖြည့်စွက်ပေးထား စေလိုပါသည်။
၁၄။ စီမံခန့်ခွဲရေးကဏ္ဍတွင် အထွေထွေအုပ်ချုပ်ရေး၊ ရွာမြေ၊ မြို့မြေစီမံခန့်ခွဲရေး၊ အိမ်ငှါး၊ မြေငှါး၊ အသင်းအဖွဲ့များ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သန်းခေါင်စာရင်းဆိုင်ရာ ကိစ္စရပ်များကို ပြည်နေယ်လွှတ်တော်များ၏ ဥပဒပြုစာရင်း၌ ဖြည့်စွက်ပေးစေလိုပါသည်။
၁၅။ ကချင်ပြည်နယ်၏ နယ်နိမိတ်အား ကချင်ပြည်နယ်ကိုစတင်ဖွဲ့စည်းတည်ထောင်ခဲ့စဉ်က ရေးဆွဲသတ်မှတ်သည့် နယ်မိမိတ်အတိုင်း ဆက်လက်၍အတည်ပြု သွားရန်လိုအပ်ပါသည်။
၁၆။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေံဥပဒေတရပ်သည် ပြည်သူ့ဆန္ဒခံယူပြီး အများစုထောက်ခံမှုဖြင့် အတည်ပြုပြဋ္ဌာန်းရသည်ဖြစ်သဖြင့် ၎င်းအားကာကွယ်ထိန်းသိမ်ရန် အဓိကတာဝန်သည် ပြည်သူလူထုတရပ်လုံး၏ တာဝန်ဖြစ်သည်ဟု ဥပဒေပြဋ္ဌာန်းထားခြင်းသည် ပိုမိုသင့်လျော် မှန်ကန်မည်ဟု မြင်ပါသည်။
၁၇။ ပြည်ထောင်စုတစ်ခုလုံးအတွက် နိုင်ငံသား (Citizen)သတ်မှတ်သည့်နည်းတူ ပြည်နယ် များ၌လည်း ပြည်နယ်သားသတ်မှတ်သော ဥပဒေတစ်ရပ် ပြဋ္ဌာန်းထားရှိရန် လိုမည်ဖြစ်ပါ သည်။ အကြောင်းမှာ နောင်တွင်တိုင်းပြည်၌ ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲများနှင့် ဆန္ဒခံယူပွဲများကို ကျင်းပသွားသည့်အခါ ပြည်ထောင်စုနှင့်အလားတူ ပြုလုပ်သွားရာ၌ အရှုပ်အရှင်း အခက်အခဲပြဿနာပေါ်ပေါက်လာနိုင်သောကြောင့် ဖြစ်ပါသည်။
၁၈။ ပြည်နယ်အုပ်ချုပ်ပုံအခြေခံဥပဒေကို နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်ဘဲ သင့်လျော်သလို ရေးဆွဲထားရှိခွင့်ပြုရန်လိုလားသည်။ အဘယ့်ကြောင့်ဆိုသော် ဒေသတစ်ခုနှင့်တစ်ခု အခြေအနေခြင်းကွာခြားမှုရှိနိုင်သဖြင့် ဒေသအခြေအနေနှင့် ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြည်နယ်တိုင်း၌ ရေးဆွဲထားရှိနိုင်လျှင် ပြည်ထောင်စုကြီး ပိုမိုကျစ်လစ်ခိုင်မာပြီး တနေ့တခြားပိုမို တိုးတက်ဖွံ့ဖြိုးလာမည်ဟုမြင်သည်။
၁၉။ ပြည်ထောင်စုကြီး၏ ကာကွယ်ရေးတာဝန်ကို ယူထားသော တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော တစ်ခုတည်းသောတပ်ကို ပြည်ထောင်စုတပ်မတော်ဟု ခေါ်တွင်ပါက ပိုမိုမှန်ကန် သင့်လျော်မည်ဟု မြင်ပါသည်။
ဗဟိုကော်မတီ
ကချင်အထူးဒေသ - ၂ ၊ ကေအိုင်အို
Friday, February 22, 2008
ကေအိုင်အို ဗဟို ကော်မတီမှ အမျိုးသားညီလာခံကျင်းပရေးကော်မရှင်ဥက္ကဌနှင့် နိုင်ငံတော်အကြီး အကဲများထံသို့ ထပ်မံဖြည့်စွက်တင်ပြတောင်းဆိုထားသော အချက်အလက်များ။
Posted by khingkhant at 11:15 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment